Pages

Sunday, March 1, 2015

အီဘိုလာ ကူးစက်ခံရနိုင်သည့် အခြေအနေကြောင့် ဆီရာလီယွန် ဒုတိယသမ္မတကို လူအများနှင့် ခွဲခြားစောင့်ကြည့်နေ


အီဘိုလာ ကူးစက်ခံရနိုင်ခြေ စိုးရိမ်ရသည့် အခြေအနေ တစ်ရပ်ကြောင့် ဆီရာလီယွန်နိုင်ငံ ဒုတိယ သမ္မတကို သီးခြားကြပ်မတ် စောင့်ကြည့်ထားကြောင်း သိရှိရသည်။
၎င်းနှင့် အနီးကပ်ဆုံး လူယုံ သက်တော်စောင့်တစ်ဦး အီဘိုလာဖြင့် သေဆုံးသွားသည့်နောက် လုပ်ထုံးလုပ်နည်းများအတိုင်း ဒုတိယ သမ္မတကို လူအများနှင့် ခွဲခြားနေထိုင်ရန် ကျန်းမာရေးဌာန တာဝန်ရှိသူများက အသိပေး ပြောကြားခဲ့သည်။
ထို့ကြောင့် ဒုတိယ သမ္မတ ဆမ်ဆူမာနာသည် သတ်မှတ်ချက်အတိုင်း (၂၁)ရက်ကြာအောင် သတိထား စောင့်ကြည့်အဆင့်ဖြင့် ခွဲခြားထားရှိမှု ခံရမည် ဖြစ်သည်။ ဆီရာလီယွန်တွင် ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက အီဘိုလာ ကူးစက်မှု လျော့ကျသွားသော်လည်း ဖေဖော်ဝါရီ လကုန်ပိုင်းတွင် ကူးစက်မှု အရေအတွက် ပြန်လည် တိုးတက်လာကြောင်း သိရှိရသည်။
ပြီးခဲ့သည့် နှစ်အတွင်းက အနောက်အာဖရိက နိုင်ငံသုံးခုဖြစ်သည့် ဂီနီရာ၊ လိုက်ဘေးရီးယား၊ ဆီရာလီယွန်တို့တွင် အီဘိုလာဗိုင်းရပ်စ် ဆိုးဆိုးရွားရွား ကူးစက်မှု ဖြစ်ပွားခဲ့ရာ လူတစ်သောင်းနီးပါး အသက်ဆုံးရှုံးခဲ့သည်။
ဆမ်ဆူမာနာက မိမိ၏ သက်တော်စောင့် ဂျွန်ကိုရိုမာ အီဘိုလာဖြင့် သေဆုံးသွားသည့်နောက် လုပ်ထုံးလုပ်နည်းများကို ဦးဆောင်လမ်းပြ လိုက်နာသည့် အနေဖြင့် လူအများနှင့် ခွဲခြားနေထိုင်ပြီး စောင့်ကြပ်ကြည့်ရှုမှု ခံယူသွားမည်ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။
မိမိအနေဖြင့် တစ်စုံတစ်ရာ ဖျားနာမှု မရှိသလို ရောဂါလက္ခဏာများ လုံးဝမတွေ့ရသည့်တိုင် စံနှုန်းအတိုင်း တိကျစွာ နေထိုင်သွားမည်ဟုလည်း ဆမ်ဆူမာနာက Reutersသို့ ဆိုသည်။ ၎င်း၏ ဝန်ထမ်းများသည်လည်း သီးခြားခွဲထုတ် စောင့်ကြည့်မှုကို ခံယူရမည် ဖြစ်သည်။ ဆမ်ဆူမာနာသည် ဆီရာလီယွန်တွင် အီဘိုလာ သံသယစာရင်းဖြင့် သီးခြားစောင့်ကြည့်ခြင်း ခံရသည့် ပထမဆုံး အစိုးရထိပ်တန်း အရာရှိ ဖြစ်လာကြောင်းလည်း သတင်းများက ဖော်ပြသွားသည်။
_Ref: BBC

No comments:

Post a Comment