ထိုင်းအာဏာသိမ်းအစိုးရအဖွဲ့အနေဖြင့် မြန်မာနိုင်ငံအပေါ် ထားရှိသည့်
သဘောထားပြောင်းလဲခဲ့ပါပြီ။ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများစု
ဖွဲ့ထားသော တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ
ညှိနှိုင်းရေးအဖွဲ့(NCCT)အနေဖြင့် ထိုင်းနိုင်ငံအတွင်း အစည်းအဝေး
ပြုလုပ်မည်ဆိုပါက မြန်မာအစိုးရက ထိုင်းအစိုးရထံ စာရေးသားပေးပို့ရန်လိုသည်။
ထိုသို့ရေးသားပေးပို့မှသာ ထိုင်းအစိုးရအနေဖြင့် NCCT အဖွဲ့အား
အစည်းအဝေးပြုလုပ်ရန် ခွင့်ပြုပေးပါသည်။ထိုင်းနိုင်ငံအခြေစိုက်
မြန်မာအရေးလှုပ်ရှားသူများအနေဖြင့်လည်း အခမ်းအနားတစ်ခုခုပြုလုပ်လိုပါက
ထိုင်းနိုင်ငံအစိုးရသို့ ကြိုတင်သတိပေးလာရသည်။
ယခင် ထိုင်းအစိုးရများလက်ထက်တွင် မြန်မာအစိုးရအား ဆန့်ကျင်သော
တိုင်းရင်းသားအင်အားစုများကို နယ်စပ်စည်းမျဉ်းတွင် ကြားခံအဖြစ်မွေးပြီး
Buffer Zone ထားရှိခဲ့ဖူးသည်။ ယင်းအပြင် ထိုအဖွဲ့များကိုလည်း Cobra Gold
စစ်ရေးလေ့ကျင့်မှုများပြီးလျှင် ကျန်ရှိတတ်သော စစ်ပစ္စည်းများ
ထောက်ပံ့ခဲ့ဖူးသည်။
ဆယ်စုနှစ်ပေါင်းများစွာ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများအား
ထောက်ခံအားပေးခဲ့သော ထိုင်းတပ်မတော်နှင့် ထိုင်းအစိုးရ၏ မူဝါဒသည်
လက်ရှိအာဏာသိမ်းစစ်ခေါင်းဆောင်ဟောင်း ၀န်ကြီးချုပ်ပရာယွတ်ချန်အိုချာ၏
အစိုးရလက်ထက်တွင် ပြောင်းလဲသွားသည်ကို ထင်ရှားစွာတွေ့မြင်ရသည်။
‘‘သူတို့ပြချင်တာက သူတို့ဟာ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ မြန်မာအစိုးရနဲ့
ပူးပေါင်းဆောင်ရွက်တယ်ဆိုတာကို ပြချင်တာပါ။ အတိတ်ကာလတုန်းကတော့
မြန်မာအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မှုမရှိခဲ့ပါဘူး’’ဟု
ကရင်အမျိုးသားအစည်းအရုံး(KNU) အထွေထွေအတွင်းရေးမှူး
ဖဒိုစောကွယ်ထူးဝင်းကသုံးသပ်သည်။
ထိုင်းအစိုးရအပါအ၀င် ထိုင်းတပ်မတော်အနေဖြင့်
ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ရှိ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများအား
ထောက်ခံခဲ့သည်မှာ ဆယ်စုနှစ်များစွာကြာခဲ့သည်။ ယခင်အစိုးရလက်ထက်များတွင်
မြန်မာအစိုးရအား ဆန့်ကျင်သော တိုင်းရင်းသားလက်နက်ကိုင်များကို
နှစ်နိုင်ငံနယ်စပ်တွင် ကြားခံအဖြစ်မွေးပြီး ထောက်ပံ့ခဲ့ဖူးသည်။
သို့သော်လည်း ဦးသိန်းစိန်အစိုးရ တက်လာပြီးနောက်ပိုင်း ထိုင်းအစိုးရ၏
ပေါ်လစီပြောင်းလဲလာခဲ့သလို ပြီးခဲ့သည့်နှစ်ကမှ အာဏာသိမ်းခဲ့သော
ထိုင်းတပ်မတော်၏ သဘောထားမှာလည်း ပြောင်းလဲလာခဲ့ခြင်းဖြစ်သည်။
‘‘အခုတော့ မြန်မာအစိုးရနဲ့ ထိုင်းအစိုးရက နီးနီးကပ်ကပ်ဖြစ်လာသလို
ပြည်တွင်းမှာ ထိုင်းက ရင်းနှီးလာတာတွေကလည်းရှိတော့ မျက်နှာပျက်စရာတွေကို
မလုပ်ချင်တော့ဘူးဆိုတဲ့ သဘောဖြစ်ပါတယ်’’ဟု ဘန်ကောက်အခြေစိုက်
ဘီဘီစီဝါရင့်သတင်းထောက် ဦးဝင်းမြင့်ကသုံးသပ်သည်။
မြန်မာအစိုးရအနေဖြင့် ထိုင်းအာဏာသိမ်းအစိုးရအား
ဦးဦးဖျားဖျားထောက်ခံသည့် နိုင်ငံထဲတွင် ပါဝင်ခဲ့သည်။
မြန်မာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကလည်း ထိုင်းနိုင်ငံသို့
နှစ်ကြိမ်သွားရောက်ခဲ့သည်။ အလားတူ ထိုင်းဘုရင့်တပ်မတော်က
အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းနိုင်ငံနှင့် မြန်မာဆက်ဆံရေးမှာ
ပိုမိုကောင်းမွန်လာခဲ့သည်။ ထိုင်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့်
မြန်မာနိုင်ငံသို့ နှစ်ကြိမ်လာရောက်ခဲ့ပြီး ထိုင်းတပ်မတော်မှ
အဆင့်မြင့်အရာရှိကြီးများလည်း မြန်မာနိုင်ငံသို့ မကြာခဏလာရောက်ခဲ့ကြသည်။
မြန်မာ့တပ်မတော်က ၁၉၈၈ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံသို့
ပထမဆုံးလာရောက်ခဲ့သူမှာ ထိုင်းတပ်မတော်စစ်ဦးစီးချုပ်ဖြစ်သည်ဟု မြန်မာ့အရေး
အစဉ်တစိုက်စောင့်ကြည့်ခဲ့သည့် နာမည်ကျော်သတင်းစာဆရာတစ်ဦးဖြစ်သော
ဘာတေးလ်လင့်တနာရေးသားသည့် ဒေါမာန်ဟုန်စာအုပ်၌ ဖော်ပြထားသည်။
မြန်မာနှင့် ထိုင်းကာကွယ်ရေးဦးစီးချုပ်နှစ်ဦး တွေ့ဆုံစဉ်
ထိုင်းကာကွယ်ရေးဦးစီးချုပ်က ‘‘လေးစားအပ်ပါသော အစ်ကိုကြီးခင်ဗျာ။
ပထမဆုံးအနေနဲ့ နိုင်ငံတော်သမ္မတကြီး၊ နိုင်ငံတော်ဝန်ကြီးချုပ်လို့ ခေါ်ရမလား
(ဒါမှမဟုတ်) နိုင်ငံခြားရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးလို့ ခေါ်ရမလားဆိုတာ
ကျွန်တော်မသိပါဘူး။ ဒါပေမဲ့ ကျွန်တော့်ကိုရင်းနှီးတဲ့အနေနဲ့ ညီငယ်လို့
ခေါ်စေချင်ပါတယ်’’ဟု ပြောကြားခဲ့ကြောင်း ဘာတေးလ်လင်တနာ၏စာအုပ်တွင်
ဖော်ပြပါရှိသည်။
ကမ္ဘာက အာဏာသိမ်းစစ်အစိုးရကို ၀ိုင်းဝန်းရှုတ်ချနေချိန်တွင်
ထိုင်းဝန်ကြီးချုပ်၏ ခရီးစဉ်ပြီး မကြာမီ မြန်မာစစ်အစိုးရနှင့်
ထိုင်းကုမ္ပဏီကြီးများကြား စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်၍
လက်မှတ်ထိုးခဲ့ကြသည်။ မြန်မာ့သစ်လုပ်ငန်းကော်ပိုရေးရှင်းမှ ထုတ်ပြန်ချက်အရ
ကျွန်းသစ်တန်ချိန် ၁၆၀,၀၀၀ နှင့် သစ်မာတန်ချိန် ၅၀၀,၀၀၀ တင်ပို့ရန်
ထိုင်း-မြန်မာနယ်စပ်ရှိ သစ်ထုတ်လုပ်ရေးလုပ်ငန်း ၂၀ နှင့်
လက်မှတ်ရေးထိုးခဲ့ကြောင်း ကြေညာခဲ့သည်။ ထိုအချက်ကို ကြည့်ခြင်းအားဖြင့်
ထိုင်းမှာ အစဉ်အဆက်လူ့အခွင့်အရေး၊ နိုင်ငံရေးဂုဏ်သိက္ခာ စသည်တို့ထက်
နိုင်ငံအကျိုးစီးပွားသာကြည့်ကြောင်း နိုင်ငံရေးလေ့လာသူများကသုံးသပ်သည်။
ထို့အပြင် အဆိုပါကာလ ထိုင်းငါးဖမ်းကုမ္ပဏီနှစ်ခုဖြစ်သော Atlantis
Corporation နှင့် Mar and Co တို့ကလည်း မြန်မာ့ပင်လယ်ပြင်တွင်
နှစ်စဉ်ငါးတန်ချိန်နှစ်သန်းခွဲ ဖမ်းခွင့်ရခဲ့သည်။ Thip Tharn Thong ကုမ္ပဏီက
ကားဟောင်းများ၊ စက်ပစ္စည်းများကို မြန်မာ့ပတ္တမြား၊
ပုလဲကျောက်စိမ်းတို့နှင့် လဲလှယ်ရန် စာချုပ်လက်မှတ်ရေးထိုးခဲ့ကြသည်။
ထို့ကြောင့်လည်း ထိုင်းနိုင်ငံက အကျိုးအမြတ်များစွာရရှိခဲ့သည်။
လက်ရှိ ထိုင်းနိုင်ငံ၏ စီးပွားရေးမှာ မြန်မာနိုင်ငံအပေါ်
များစွာမှီခိုနေရသည်။ မြန်မာနိုင်ငံက ထိုင်းအပေါ်
နိုင်ငံခြားရေးမူဝါဒအပြောင်းအလဲ ပြုလုပ်လာပါက
ထိုင်းစီးပွားရေးထိခိုက်မည်ကို စိုးရိမ်ကြသည်။ ထို့ကြောင့်
အစိုးရခေါင်းဆောင်များက မြန်မာအစိုးရနှင့် ဆက်ဆံရေးပြေလည်စေလိုကြသည်။
‘‘မုတ္တမက ဂက်စ်ကို မှီခိုနေရတဲ့ ထိုင်းစက်မှုလုပ်ငန်းတွေ၊
နယ်စပ်စီးပွားရေးတွေကြောင့် ထိုင်းဟာ မြန်မာကို မျက်နှာသာပေးလာရပါတယ်။
ဒါ့အပြင် ထားဝယ်အိပ်မက်ကလည်း ထိုင်းအတွက် အရေးပါပါတယ်။ သူက
စင်ကာပူဈေးကွက်ရဲ့ ရာနှုန်းအတော်များများကို ဖြတ်နိုင်မယ်တွက်တယ်။
ဒါကြောင့် ထိုင်းဟာ မြန်မာကို မျက်နှာသာပေးလာရတယ်’’ဟု နိုင်ငံတကာရေးရာများ
ရေးသားလေ့ရှိသော ဆောင်းပါးရှင်ထက်ရန်ကဆိုသည်။
လက်ရှိအာဏာသိမ်းအစိုးရကလည်း ထိုင်းနိုင်ငံတွင်
စီးပွားရေးဇုန်ငါးခုပြုလုပ်ရန် သတ်မှတ်ထားသည်။ ထိုသတ်မှတ်ထားသော
ငါးခုထဲတွင် ထိုင်း-မြန်မာနယ်စပ်အနီး မဲဆောက်မြို့၌ ပြုလုပ်မည့်
စီးပွားရေးဇုန်ကို အထူးဇုန်အဖြစ် သတ်မှတ်ထားသည်။ ထို့ကြောင့်
ထိုင်းနိုင်ငံမှ တာဝန်ရှိသူများအနေဖြင့် မဲဆောက်မြို့မှ
မော်လမြိုင်မြို့အထိ လာရောက်လေ့လာမှုများ ပြုလုပ်နေကြသည်။ မြ၀တီနှင့်
မဲဆောက်မြို့ကို ညီအစ်မမြို့အဖြစ် ထိုင်းအစိုးရက ပြုလုပ်သည်။
အထူးစီးပွားရေးဇုန်တည်ဆောက်မည့် မဲဆောက်မြို့သည်
မြန်မာ့တိုင်းရင်းသားလက်နက်ကိုင်များ အခြေစိုက်ရာနေရာနှင့်
အလွန်နီးစပ်သည့်နေရာ ဖြစ်နေသည်။
ထို့ကြောင့်လည်း ထိုင်းအစိုးရက
တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများကို မြန်မာအစိုးရ၏
ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်လက်မှတ်ရေးထိုးနိုင်ရန် မြန်မာအစိုးရနှင့်
ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်လာခဲ့သည်။
လက်ရှိမြန်မာနိုင်ငံတွင် တရုတ်ပြီးလျှင်
ဒုတိယရင်းနှီးမြှုပ်နှံမှုအများဆုံးနိုင်ငံမှာ ထိုင်းနိုင်ငံဖြစ်သည်။
လုပ်ငန်းပေါင်း ၈၃ခု တွင် ရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၀,၂၅၇
ဒသမ ၇၄၄ သန်း ရင်းနှီးမြှုပ်နှံထားသည်။ ရေနံနှင့် သဘာဝဓာတ်ငွေ့
ရှာဖွေတူးဖော်ရေးလုပ်ငန်း သတ္တုတူးဖော်ရေးလုပ်ငန်း၊
ရေအားလျှပ်စစ်လုပ်ငန်းနှင့် ခရီးသွားလုပ်ငန်းတို့တွင်
အများဆုံးရင်းနှီးမြှုပ်နှံထားကြခြင်းဖြစ်သည်။

သမ္မတဦးသိန်းစိန်နှင့် ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ (ဓာတ်ပုံ − အီးပီအေ)
ထို့ကြောင့်လည်း ထိုင်းအစိုးရအနေဖြင့် မြန်မာအစိုးရအပေါ် ဆက်ဆံရေးပြောင်းလဲလာခဲ့ခြင်းဖြစ်ကြောင်း ထိုင်းသတင်းစာဆရာအချို့ကဆိုသည်။
ထို့အပြင် ထိုင်းဘုရင်က မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည်
မြန်မာ့နိုင်ငံရေးတွင် အရေးပါမှုကို သိရှိခဲ့သဖြင့်
မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ထိုင်းနိုင်ငံခရီးစဉ်၌ အလေးအနက်
အသိအမှတ်ပြုခဲ့သည်။
‘‘ထိုင်းဘုရင်က မြန်မာတပ်ချုပ်ရဲ့ မြန်မာပြည်မှာ အရေးပါမှုကို
နားလည်တယ်။ မြန်မာအစိုးရနဲ့ အဆင်ပြေဖို့ကို တပ်ချုပ်ရဲ့သဘောထားက
အရေးကြီးတယ်။ နယ်စပ်တည်ငြိမ်ရေးဟာ တပ်ချုပ်လက်ထဲမှာရှိတယ်’’ဟု
ထိုင်းနိုင်ငံရေးလေ့လာသူတစ်ဦးကဆိုသည်။ ထို့အပြင် အမေရိကန်အစိုးရ၏
မြန်မာနိုင်ငံအပေါ်ထားရှိသည့် သဘောထားပြောင်းလဲလာမှုနှင့်
အာဆီယံနိုင်ငံများအား အစွန်းရောက် အကြမ်းဖက်သမားများ၏
ခြိမ်းခြောက်မှုအန္တရာယ်ကလည်း မြန်မာအစိုးရနှင့် ထိုင်းနိုင်ငံတို့ကြား
ဆက်ဆံရေး ပြန်လည်ကောင်းမွန်လာစေသည့် အချက်တစ်ချက်ဖြစ်သည်။
လက်ရှိ မြန်မာ့တပ်မတော်နှင့် ထိုင်းတပ်မတော်တို့ကြား ပူးပေါင်းဆောင်ရွက်မှုမှာ အောက်ခြေအဆင့်မှ အမြင့်ဆုံးအဆင့်အထိရှိသည်။
ထို့ကြောင့် မြန်မာငြိမ်းချမ်းရေးဖြစ်စဉ်တွင် ထိုင်းနိုင်ငံအရေးမှာ
အရေးပါသည့်အနေအထားဖြစ်နေသလို ထိုင်းနိုင်ငံ၏ စီးပွားရေးမှာလည်း
မြန်မာနိုင်ငံအပေါ် များစွာမှီခိုနေရသည်။ ထို့ကြောင့်လည်း တစ်ချိန်က
ရန်သူအဖြစ် သတ်မှတ်ခဲ့သော ထိုင်းနိုင်ငံမှာ သူ့နိုင်ငံအကျိုးစီးပွားအတွက်
မြန်မာနိုင်ငံအပေါ် ဆက်ဆံရေးပြောင်းလဲလာခဲ့သည်။
ယခုကဲ့သို့ ပြောင်းလဲလာသော ဆက်ဆံရေးမှာ လက်ရှိ သူတို့ဘက်က
ကုန်သည်ကဲ့သို့သော အကျိုးစီးပွားကိုကြည့်ပြီး မြန်မာဘက်က အဆင်ပြေသရွေ့
ထိုင်းဘက်က ပြေနေပါလိမ့်မည်ဟု မြန်မာနိုင်ငံရေးလေ့လာသူ ဦးအောင်သူငြိမ်းက
မြန်မာ-ထိုင်း နှစ်နိုင်ငံဆက်ဆံရေးကိုသုံးသပ်သည်။
လက်ရှိ ထိုင်းနိုင်ငံအာဏာသိမ်းမှုမှာ ကြာမြင့်နိုင်ကြောင်း သုံးသပ်သူများရှိသည်။
ထိုင်းတပ်မတော်က အာဏာသိမ်းပြီးနောက်ပိုင်း
မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် သက်ရောက်မှုရှိလာလိမ့်မည်ဟု
ငြိမ်းချမ်းရေးအကျိုးဆောင်တစ်ဦးက သုံးသပ်ခဲ့သည်။ လက်ရှိအခြေအနေတွင်
ထိုင်း-မြန်မာနယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများနှင့်
မြန်မာအစိုးရဆက်ဆံရေးမှာ တရုတ်-မြန်မာနယ်စပ်ကြားရှိ
တိုင်းရင်းသားလက်နက်ကိုင်များထက် ဆက်ဆံရေးပိုကောင်းသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင်လည်း ရှေ့ပိုရောက်နေသည်။
လက်ရှိမြန်မာနိုင်ငံ၏ ပထ၀ီနိုင်ငံရေးအရ အရေးပါသည့်နေရာတွင်ရှိနေပြီး
နိုင်ငံရေးပြုပြင်ပြောင်းလဲရေးမှာလည်း အိမ်နီးချင်းနိုင်ငံများနှင့်
အင်အားကြီးနိုင်ငံကြီးအပေါ် မူတည်နေသည်။
အိမ်နီးချင်းနိုင်ငံများတွင် အာဏာရှင်နိုင်ငံရှိလာခြင်းမှာ မြန်မာအတွက်
ကောင်းသောလက္ခဏာမဟုတ်ပေ။ အထူးသဖြင့် ထိုင်းနိုင်ငံတွင်
စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးအပြောင်းအလဲမှာ ဒီမိုကရေစီစနစ်ကို
ဖီဆန်ကာ စစ်အာဏာရှင်နိုင်ငံသို့ ကူးပြောင်းနေခြင်းက မြန်မာနိုင်ငံအတွက်
ကောင်းမွန်သောအချက်မဟုတ်ဟု နိုင်ငံရေးလေ့လာသူများကသုံးသပ်သည်။
နိုင်ငံရေးသိပ္ပံပညာရှင်တစ်ဦးက မြန်မာ-ထိုင်းဆက်ဆံရေးနှင့်
အိမ်နီးချင်းနိုင်ငံများ၏ နိုင်ငံရေးစနစ် မြန်မာအပေါ် သက်ရောက်မှုရှိပုံကို
‘‘ထိုင်းက ဟိုးအရင်ထဲက BambooDiplomacy (အနှစ်သာရမပါသော သံတမန်ရေး)ဆိုပြီး
နာမည်ကြီးတာကို ကြားဖူးမှာပေါ့။ မြန်မာနဲ့တည့်အောင် ပေါင်းနိုင်တာလည်း
မဆန်းပါဘူး။ ဒါပေမဲ့ ဘေးပတ်ဝန်းကျင်နိုင်ငံတွေ ဒီမိုကရေစီဖြစ်ခြင်း၊
မဖြစ်ခြင်းက အသွင်ကူးပြောင်းစပြုနေတဲ့ နိုင်ငံတွေအပေါ်
အများကြီးလွှမ်းမိုးမှုရှိနိုင်တာပေါ့။ ထိုင်းစစ်အာဏာသိမ်းပြီးနောက်
နှစ်နိုင်ငံဆက်ဆံရေး အဆင်ပိုပြေလာတာက မြန်မာနိုင်ငံအတွက်တော့
သိပ်မကောင်းနိုင်ဘူးထင်တယ်’’ဟု သုံးသပ်သည်။