သမ္မတဦးသိန်းစိန် အစိုးရနောက်ဆုံးနှစ်ဖြစ်သော ၂၀၁၅-၁၆ ဘဏ္ဍာနှစ်အတွက်
ဝန်ကြီးဌာနများမှ တောင်းခံလာသော ငွေပမာဏနှင့် ပတ်သက်၍ လွှတ်တော်အမတ်များကြား
အံ့သြသွားကြသည်။ ထို့ကြောင့် အချို့က လူအများသိစေရန် လူမှုကွန်ရက်များ၊
မီဒီယာများတစ်ဆင့် ထုတ်ဖော်ပြောလာသည်ကို တွေ့လာရသည်။
ဝန်ကြီးဌာနများအနေဖြင့် ဘတ်ဂျက်တောင်းခံရာတွင် လာမည့်ဘဏ္ဍာနှစ်နှင့် ယခုဘဏ္ဍာနှစ်ကို နှိုင်းယှဉ်ကြည့်လျှင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနတို့၏ တောင်းခံမှုမှာ ယခင်နှစ်များထက် များပြားနေသည်။ အချို့ကိစ္စများမှာ ယုတ္တိမရှိသည့် တောင်းခံမှုမျိုးဖြစ်နေကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားထားသည်။
ယခုနှစ်အတွက် ၀န်ကြီးဌာနအများစုမှတောင်းဆိုသော ဘတ်ဂျက်တွင် တည်ဆောက်ရေးစီမံကိန်းများအတွက် အများဆုံးတောင်းခံထားသည်ကို လေ့လာတွေ့ရှိရသည်။ ထို့ကြောင့်လည်း ဆီးသီးဗန်းမှောက်သည့်ဥပမာမျိုး ပိုမိုဖြစ်လာမည်ကို လွှတ်တော်အမတ်များက စိုးရိမ်ကြသည်။ ယခုနှစ်သည် သမ္မတဦးသိန်းစိန် ဦးဆောင်သော အစိုးရအဖွဲ့၏ နောက်ဆုံးနှစ်ဖြစ်ပြီး အချို့သော ပြည်ထောင်စုဝန်ကြီးများမှာ နောက်အစိုးရလက်ထက်တွင် ၀န်ကြီးထပ်ဖြစ်ရန် မသေချာသူများ ဖြစ်သည်။
‘‘နယ်စပ်ရေးရာဝန်ကြီးဌာနဆိုလည်း တစ်နိုင်ငံလုံးကျေးလက်လမ်းတွေ လိုက်ဖောက်တာမှာ လမ်းသိပ်သည်းမှုအတွက် ၃၅ ရာခိုင်နှုန်းတောင် ပေးထားတယ်။ သီအိုရီအရ မြေကျင်းတစ်ကျင်းကိုတူးပြီး အပြင်မှာပုံရင် ၁ ဒသမ၂၅ ကျင်းရတဲ့အတွက် ၂၅ ရာခိုင်နှုန်းပဲ ပေးရမှာပါ။ ဥပမာ လေးပေအမြင့်တင်ရမယ့် မြေသားပေါင်ဟာ ငါးပေဖို့မှ ဖြစ်တဲ့အတွက် ၂၅ ရာခိုင်နှုန်းပေးရတာပါ။ ဒါပေမဲ့ နယ်စပ်ဝန်ကြီးဌာနမှာ ၃၅ ရာခိုင်နှုန်းတောင် ပေးထားတော့ ၁၀ ရာခိုင်နှုန်း ပိုများနေပါတယ်။ တစ်နိုင်ငံလုံး မိုင်ထောင်ချီနေတော့ အတော်လေး များပြားလွန်းလှပါတယ်။ အတော်စေတနာကောင်းတဲ့တွက်နည်းနဲ့ သီအိုရီကို ကျော်လွန်ပြီး တွက်ချက်ပေးခဲ့သလား။ လက်တွေ့မှာတော့ ခင်းလိုက်တဲ့လမ်းတွေဟာ တစ်မိုးလောက်သာ ခံတာတွေ့ရတယ်’’ဟု ဦးလှဆွေ၏ ဖေ့စ်ဘွတ်ခ်တွင် ရေးသားထားသည်။
ထို့အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းကလည်း ‘‘နိုင်ငံတော်သမ္မတကို ပေးထားတဲ့ သီးသန့်ရန်ပုံငွေမှာလည်း အထူးကိစ္စရပ်အတွက် ပေးထားတာတွေကို ဖော်ပြထားတယ်။ ဒီရန်ပုံငွေကို လယ်ဆည်က အများဆုံးသုံးတယ်။ လုပ်ငန်းတွေက သဘာဝဘေးအန္တရာယ်ကြောင့် အသည်းအသန်လုပ်ရတဲ့ လုပ်ငန်းတွေကိုပြတယ်။ တကယ်တမ်းက ဒါက BE မှာရော RE မှာရော တောင်းလို့ရတယ်။ အဲဒါကို သီးသန့်ရန်ပုံငွေမှာလည်း ထည့်တောင်းထားတယ်။ ရသလောက်သုံးမယ်ဆိုတဲ့ သဘောပဲ’’ဟု သုံးသပ်ပြောကြားသည်။
သမ္မတဦးသိန်းစိန်အစိုးရ တက်လာပြီးနောက်ပိုင်း အစိုးရက နှစ်စဉ်သုံးစွဲမည့် ငွေစာရင်းကို လွှတ်တော်သို့ တင်ပြတောင်းခံရသည်။ ထိုသို့ တင်ပြတောင်းခံရာတွင် တစ်နှစ်ထက်တစ်နှစ် တောင်းခံသည့်ပမာဏ တိုးတိုးလာကြောင်း လွှတ်တော်ကိုယ်စားလှယ်များကဆိုသည်။
အစိုးရအဖွဲ့အနေဖြင့် သုံးစွဲမည့်ငွေပမာဏမှာ နှစ်စဉ်သိသိသာသာ တိုးတက်လာသော်လည်း ၀င်ငွေသိသိသာသာ မရှာနိုင်ခြင်းကြောင့် နှစ်စဉ်လိုငွေပြသည့်ပမာဏမှာ တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာခဲ့သည်။
၂၀၁၂-၁၃ ဘဏ္ဍာနှစ်တွင် ဘတ်ဂျက်လိုငွေပြမှုမှာ ကျပ်ဘီလီယံ ၁၆၂၅ ဘီလီယံ၊၂၀၁၃-၁၄ဘဏ္ဍာနှစ်တွင် ကျပ် ၂၈၈၆ ဘီလီယံနှင့် ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် ကျပ် ၂၇၅၁ ဘီလီယံတို့ရှိခဲ့သည်။ ထိုကဲ့သို့ နှစ်စဉ်လိုငွေပြမှုကြောင့် ငွေကြေးဖောင်းပွမှုနှုန်းမှာ နှစ်စဉ်မြင့်တက်လာခဲ့သည်။
အစိုးရသစ်သက်တမ်းလေးနှစ်တာကာလအတွင်း ဘတ်ဂျက်လိုငွေပြမှုမှာ ကျပ်ငွေဘီလီယံ ၇,၂၀၀ ထိရှိလာခဲ့သည်။ လာမည့်နှစ်နိုင်ငံအတွက် ၀င်ငွေမှာ ကျပ်ငွေဘီလီယံ ၁၉,၄၀၃ရှိပြီး သုံးငွေမှာ ၂၃,၂၃၀ ဘီလီယံရှိသဖြင့် ဘတ်ဂျက်လိုငွေမှာ ကျပ် ၃၈၂၇ ဘီလီယံရှိကြောင်း လွှတ်တော်မှ ပြုစုထားသော တိုင်းပြည်၏ စီးပွားရေးအခြေအနေခန့်မှန်းစာရင်း၌ ဖော်ပြထားသည်။ လာမည့်ဘဏ္ဍာနှစ်တွင် ဘတ်ဂျက်လိုငွေသည် ပြည်တွင်းအသားတင်ထုတ်လုပ်မှု တန်ဖိုး(ဂျီဒီပီ)၏ ၅ ဒသမ၂ ရာခိုင်နှုန်းကျော်ရှိသဖြင့် တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် စိုးရိမ်စရာဖြစ်လာသည်ဟု ပညာရှင်အချို့က ထောက်ပြခဲ့သည်။
ယင်းကဲ့သို့ ၀န်ကြီးဌာနများက ဘတ်ဂျက်များ တိုးမြှင့်တောင်းခံမှုသည် လိုငွေမူဝါဒဖြင့် ရေးဆွဲထားသော တိုင်းပြည်တွင် လိုငွေများ ထပ်မံမြင့်တက်လာမည်။ လိုငွေမြင့်တက်မှုကြောင့် ပုဂ္ဂလိကကဏ္ဍကို ထောက်ပံ့မှုမှာ အားနည်းလာမည်။ မြန်မာကျပ်ငွေတန်ဖိုးလည်း ကျဆင်းပြီး သွင်းကုန်ထုတ်ကုန်ပစ္စည်းများ ဈေးတက်လာသဖြင့် ပြည်တွင်း၌ ကုန်ဈေးနှုန်းများလည်း ကြီးမြင့်လာနိုင်ကြောင်း စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကိုကသုံးသပ်ပြသည်။
နိုင်ငံတစ်နိုင်ငံအတွက် အရအသုံးစရိတ်(ဘတ်ဂျက်)ကို အကောင်အထည်ဖော်ရာတွင် အစိုးရများအနေဖြင့် မူဝါဒသုံးမျိုးမှ တစ်မျိုးကို အသုံးပြုကြသည်။ ရငွေနှင့်သုံးငွေ တူညီသည့်ဘတ်ဂျက်၊ ရငွေများပြီး သုံးငွေနည်းသည့် ဘတ်ဂျက်နှင့် ရငွေနည်းပြီး သုံးငွေများသည့်ဘတ်ဂျက်တို့ဖြစ်သည်။
ရငွေများပြီး သုံးငွေနည်းသော ဘတ်ဂျက်စနစ်သုံးစွဲခြင်းမှာ ကုန်ဈေးနှုန်းကျဆင်းမှုကို ဖြစ်ပေါ်စေသည့်အပြင် စီးပွားရေးလုပ်၍ မကောင်းသော ဘတ်ဂျက်ဖြစ်သည်။ လက်ရှိ မြန်မာနိုင်ငံအနေဖြင့် သုံးစွဲနေသော ဘတ်ဂျက်စနစ်မှာ ရငွေနည်းပြီး သုံးငွေများသည့် လိုငွေဘတ်ဂျက်စနစ် ဖြစ်သည်။ ထိုစနစ်ကို အမေရိကန်နှင့် ဂျပန်နိုင်ငံတို့ပါ သုံးစွဲကြသည်။
ထိုစနစ်တွင် လိုငွေပမာဏများလာပါက ငွေကြေးဖောင်းပွမှုများ ဖြစ်ပေါ်လာနိုင်ပြီး ကုန်ဈေးနှုန်းများ မြင့်တက်လာမည်ကို စိုးရိမ်ရသည်။
‘‘လိုငွေဘတ်ဂျက်ချင်းတူတယ်ဆိုပေမယ့် နိုင်ငံကြီးတွေလိုဖြေရှင်းဖို့ နည်းပညာတွေ၊ ဖွံ့ဖြိုးမှုတွေမရှိဘူး’’ဟု စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကိုက ပြောကြားသည်။
အမေရိကန်နိုင်ငံသည် လိုငွေဘတ်ဂျက်မူဝါဒကို အသုံးပြုနေသော်လည်း နည်းပညာမြင့်ထုတ်ကုန်များဖြစ်သော ဟန်းဆက်များ၊ ကွန်ပျူတာများထုတ်လုပ်ပြီး ကမ္ဘာကို ဖြန့်ဖြူးနေခြင်း၊ မော်တော်ယာဉ်များ၊ လူသုံးကုန်ပစ္စည်းများမှအစ ထုတ်ကုန်အရေအတွက် မြောက်မြားစွာထုတ်လုပ်ပြီး တစ်ကမ္ဘာလုံးကို တင်ပို့ရောင်းချနေသဖြင့် စိုးရိမ်စရာမရှိပေ။
မြန်မာနိုင်ငံအနေဖြင့် ဆေးဝါး၊ လူသုံးကုန်၊ အပ်ကအစ နိုင်ငံခြားမှ ၀ယ်ယူနေရခြင်း၊ ပြည်တွင်း၌ သွင်းကုန်အစားထိုးထုတ်လုပ်နေသော ပစ္စည်းများမှာ နည်းပညာ၊ ငွေကြေးထောက်ပံ့မှုမှအစမရှိခြင်းတို့ကြောင့် ရငွေနှင့် သုံးငွေ မလုံလောက်ခြင်းဖြစ်ပြီး လိုငွေပြနေခြင်းဖြစ်သည်။
လက်ရှိမြန်မာနိုင်ငံ၏ အခြေအနေမှာ နှစ်စဉ်ငွေကြေးဖောင်းပွမှုမြင့်တက်လာခဲ့ပြီး အစိုးရက တွက်ချက်ထားသော ငွေကြေးဖောင်းပွမှုနှုန်းမှာ ၆ ဒသမ ၈ ရာခိုင်နှုန်းထိရှိလာကာ လာမည့်ဘဏ္ဍာနှစ်တွင် ၈ ဒသမ ၁၁ ရာခိုင်နှုန်းထိရှိလာနိုင်ကြောင်း လွှတ်တော်ကခန့်မှန်းထားသည်။ ဗဟိုဘဏ်၏ တွက်ချက်မှုအရ ယခုဘဏ္ဍာနှစ်တွင် လွှတ်တော်က သတ်မှတ်ထားသော ပမာဏအတိုင်း ၀န်ထမ်းလစာတိုးပေးပါက ငွေကြေးဖောင်းပွမှုနှုန်းမှာ ၈ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းထိ ရှိလာနိုင်သည်ဟု တွက်ချက်ထားသည်။ မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၁၀ ရာခိုင်နှုန်းထိ ရောက်ရှိလာပါက စိုးရိမ်ရကြောင်း ပြီးခဲ့သည့်နှစ်လယ်ပိုင်းက သတိပေးပြောကြားထားသည်။
အစိုးရအဖွဲ့အနေဖြင့် နှစ်စဉ်သုံးစွဲသည့် ငွေပမာဏကို လွှတ်တော်မှ ခွင့်ပြုပေးခဲ့ပြီး ထိရောက်မှုမရှိသည်ကို အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြီးခဲ့သည့်စက်တင်ဘာလအတွင်း ကျင်းပသည့် လွှတ်တော်အစည်းအဝေးတစ်ခု၌ ပြောကြားခဲ့သည်။
ဝန်ကြီးဌာနများကတောင်းခံသည့် ငွေပမာဏကို လွှတ်တော်က ခွင့်ပြုပေးခဲ့ပြီး စီမံကိန်းများအတွက် ထက်ဝက်သာသုံး၍ ကျန်ထက်ဝက်မှာ အစိုးရဌာနတွင်း လာဘ်စားမှုကြောင့် ကုန်သွားကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက စက်တင်ဘာအတွင်း ပြုလုပ်သည့် လွှတ်တော်အစည်းအဝေး၌ ပွဲဈေးတန်း ဆီးသီးဗန်းမှောက်သည့်ဥပမာဖြင့် ပြောကြားခဲ့သည်။
‘‘လိုငွေဘတ်ဂျက်မှာ စီမံကိန်းတွေအတွက် တကယ်အသုံးလိုလို့ တိုးတောင်းတာကိစ္စမရှိဘူး။ လစာတိုးဖို့၊ ဧည့်ခံပွဲတို့လို သာမန်အသုံးစရိတ်တွေတိုးလာရင်တော့ တိုင်းပြည်စီးပွားရေးအတွက် စိုးရိမ်ရတယ်’’ဟု စီးပွားရေးပညာရှင် ဦးဇော်ဖေ၀င်းကပြောကြားသည်။
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် တူးမြောင်းများ ခေတ်မီအောင် ဆောင်ရွက်ရန် တူးမြောင်း ၁၉ ခုအတွက် ငွေလုံးငွေရင်း ၂၀၁၄-၁၅ တွင် ၅၁,၈၇၅သန်းနှင့် ၂၀၁၅-၁၆မှာ ၈၁,၉၆၁ ဒသမ ၀၃၃ သန်း နှစ်ခုပေါင်း ၁၃၃,၈၃၆ ဒသမ ၀၃၄ သန်း တောင်းခံထားသည်။
ထိုကိစ္စနှင့်ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီမှ အမျိုးသားလွှတ်တော်အမတ် ဦးလှဆွေက ‘‘မြစ်ရေတင်တွေဆိုရင် ၁၀၀ မှာ ၁၆ ရာခိုင်နှုန်းပဲ အောင်မြင်တယ်။ ၈၄ ရာခိုင်နှုန်းက အလုပ်မဖြစ်ဘူး။ အဲဒီဌာနကို ဖျက်သိမ်းလိုက်တာမှ တော်ဦးမယ်။ ကျပ်သန်းပေါင်းသောင်းချီသုံးထားပြီး ဟုတ်တိပတ်တိရေမှ မရတာ။ အလကားပါပဲ။ အဲဒီငွေတွေကို တောင်သူတစ်ဦးချင်းကို ထုတ်ပေးပြီး ကိုယ့်လယ်မှာကိုယ် အ၀ီစိတွင်းတူး၊ ကွန်ပရက်ဆာနဲ့ ပန့်ဆင်ပေးလိုက်ရင် အပျံစားဖြစ်နေလောက်ပြီ’’ဟုပြောသည်။
လွှတ်တော်အမတ်များအနေဖြင့် စစ်ဆေးတွေ့ရှိချက်များကို ပြောဆိုနိုင်သော်လည်း သက်ဆိုင်ရာဝန်ကြီးဌာနက တောင်းဆိုသည့် ပမာဏအတိုင်း ခွင့်ပြုပေးနေရသည့်သဘော ဖြစ်နေသည်။
‘‘ဘဏ္ဍာငွေအရသုံးဆိုင်ရာ ဥပဒေကြမ်းထုတ်ပြီး ရှေ့နေချုပ်ရုံးက ဥပဒေကြမ်းအရ ကန့်ကွက်ရန်မရှိဘူးဆိုပြီး သဘောထားမှတ်ချက်ပေးတယ်။ သူတို့ ဒီလိုသဘောထားမှတ်ချက်ပေးတယ်ဆိုရင် စစ်ဆေးပြီးသား စာရင်းစစ်ချုပ်ရုံးက အစီရင်ခံစာလာတယ်။ သူတို့က ကန့်ကွက်ရန်မရှိဆိုပြီး လွှတ်တော်ကိုတင်တယ်။ အစိုးရကပြောတာက လွှတ်တော်က ဖြတ်တောက်လိုက်ရင် စီမံကိန်းကရပ်သွားမယ်။ အဲဒါကြောင့် လွှတ်တော်ကိုယ်စားလှယ်တွေက သိသိကြီးနဲ့ ဖြတ်တောက်မှု မလုပ်နိုင်ဘူး’’ဟု ပြည်သူ့လွှတ်တော်အမတ် ဒေါ်စန္ဒာမင်းကဆိုသည်။
ဝန်ကြီးဌာနများအလိုက် တောင်းခံသော ဘတ်ဂျက်တွင် အချို့မှာ ပမာဏများသော်လည်း ဖွံ့ဖြိုးရေးစီမံကိန်းများ လုပ်ဆောင်နေသဖြင့် လွှတ်တော်မှဖြတ်ချရန် မလွယ်ကူကြောင်း၊ အကယ်၍ ဖြတ်ချလိုက်ပါကလည်း တိုးတက်မှုများတွင် အတားအဆီးဖြစ်ပြီး လွှတ်တော်က တာဝန်ယူရမည်ဖြစ်သောကြောင့် စနစ်တကျထိန်း၍ လုပ်ဆောင်နေရကြောင်း လွှတ်တော်အမတ်ကဆိုသည်။
ထို့ကြောင့်လည်း အစိုးရတောင်းဆိုသည့် ပမာဏအတိုင်း ခွင့်ပြုပေးရမည့် အနေအထားဖြစ်နေသည်။ နောက်ဆုံးပိတ် အိတ်နှင့်လွယ်ကြတော့မည့်ကိန်း ဖြစ်နေသည်။ ဆီးသီးဗန်း အကြီးကြီးမှောက်ကျတော့မည်။ ။

No comments:
Post a Comment