Wednesday, March 11, 2015

မြေကြောင့် နစ်နာသူများကို ၀န်ကြီးဌာနများ အမှန်တကယ် လျော်ကြေးပေးလိုပါက ဘတ်ဂျက်တွင် ထည့်သွင်းတောင်းခံရန် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ တိုက်တွန်း


ဝန်ကြီးဌာနများ အနေဖြင့် လယ်ယာမြေနှင့် အခြားမြေများကြောင့် အမှန်တကယ် နစ်နာသူများကို လျော်ကြေးပေးလိုပါက ဘတ်ဂျက်များတွင် ထည့်သွင်းတောင်းခံရန်  လိုအပ်ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောကြားလိုက်သည်။
‘‘ဘတ်ဂျက်နဲ့ တင်တောင်း ပြီးရင် လျော်ပေးလိုက်ပါ။ ဒါက လွှတ်တော်ကိုယ်စားလှယ်တွေ ယူဖို့လည်း မဟုတ်ပါဘူး။ အမှန် တကယ်နစ်နာသူတွေ နစ်နာခြင်း ရှိ၊ မရှိ ပိုင်ဆိုင်ခြင်း ရှိ၊ မရှိ ကြိုက် သလို စုံစမ်း၊ နစ်နာပြီဆိုရင် ဒီနေ့ ပေါက်ဈေးနဲ့ပဲဖြစ်ဖြစ်၊ ဖြစ်သင့် ဖြစ်ထိုက်တဲ့ လျော်ကြေးကို ဘတ် ဂျက်နဲ့ ဖြေရှင်းပေးရင် လွယ်လွယ်ကူကူပါပဲ’’ဟု ၎င်းက မတ်လ  ၁၀ ရက်က ပြုလုပ်သည့် (၁၂) ကြိမ်မြောက်  အမျိုးသားလွှတ်တော်တွင် ပြောကြားသည်။
ထိုကဲ့သို့ လျော်ကြေးပေးရန် ဘတ်ဂျက်တင်ပြတောင်းခံလာပါကလည်း  ပြည်ထောင်စုလွှတ်တော်နှင့် လွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်လိမ့်မည်မဟုတ်ကြောင်း ဦးခင်အောင်မြင့်က ဆိုသည်။ ‘‘ကိုယ့်အိတ်ထဲ က စိုက်စရာလည်း မလိုဘူး။ ကိုယ်ဌာနကလည်း စိုက်စရာလည်း မလိုဘူး။ ပြည်သူ့ငွေနဲ့ ပြန်လျော်ကြေးပေးရတဲ့ သဘောဖြစ်ပါတယ်။ ပြဿနာတွေ ဖြေရှင်းတဲ့အခါမှာ ပြေလည်ချင်တဲ့ စိတ်ထားစေတနာလေးနဲ့ ဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံလိုပါတယ်’’ဟု ၎င်းကဆိုသည်။

 အမျိုးသားလွှတ်တော်အ စည်းအဝေးတွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ်မှ ဒေါက်တာအေးမောင်က ယခင်စစ်အစိုးရလက်ထက်က လယ်ယာမြေပြဿနာများနှင့် အခြေအနေအရပ်ရပ်တို့ကြောင့် ဖြစ်ပေါ်ခဲ့သော နိုင်ငံသားအခွင့်အရေးထိခိုက်နစ်နာမှုများကို ပြန်လည်သုံးသပ်ရန် လိုအပ်လာပြီး အစိုးရနှင့် ပြည်သူချစ်ခင်မှု၊ စစ်ဘက်၊ အရပ်ဘက် ဆက်ဆံရေး ကောင်းမွန်လာစေရန် ကြိုပမ်းဆောင်ရွက်သင့်ကြောင်း ထောက်ပြဆွေးနွေးသွားခဲ့သည်။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြဿနာဖြေရှင်းရာတွင် နိုင်ငံတော်နှင့် ပြည်သူများအကြား အဖုအထစ်များ မရှိစေရန် ဦး တည်ချက်ဖြင့် ဆောင်ရွက်ရန် လို အပ်ကြောင်း ထောက်ပြပြောဆိုခဲ့သည်။

No comments:

Post a Comment