Wednesday, March 11, 2015

ကလေးငယ်များကို ပါးကွက်သားအဖြစ် အိုင်အက်စ်အဖွဲ့ လက်တွေ့ အသုံးချလာ


အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွများသည် အလွန်ငယ်ရွယ်သည့် ကလေးများကိုပင် ပါးကွက်သားအဖြစ် လေ့ကျင့်ပေးကာ လက်တွေ့ အသုံးချလာကြောင်း သတင်းရရှိသည်။
ကမ္ဘာပေါ်တွင် အဆိုးယုတ်ဆုံး အကြမ်းဖက် အဖွဲ့အစည်း တစ်ခုအဖြစ် သတ်မှတ်ခံထားရသော အိုင်အက်စ်သည် ၎င်းတို့၏ အဖွဲ့သား ဖြစ်ခဲ့သည့် အစ္စရေးနွယ်ဖွား အာရပ်တစ်ဦးကို အစ္စရေးသူလျှိုအဖြစ် စွပ်စွဲကွပ်မျက်သည့် ဗီဒီယိုကို ထုတ်ပြန်ခဲ့သည်။ အဆိုပါ ဗီဒီယိုထဲတွင် အသက်(၁၉)နှစ်အရွယ် မူဟာမက်ဆာ့ဒ် အစ္စမေးလ် မူဆာလမ်ကို သေနတ်ဖြင့် ပစ်သတ်ရန် တာဝန်ယူထားသည့် အိုင်အက်စ် ပါးကွက်သားမှာ အသက်(၁၀)နှစ်မျှသာ ရှိသေးသည့် ကလေးငယ်တစ်ဦး ဖြစ်နေခဲ့သည်။
စစ်သွေးကြွများက မူဆာလမ်ကို ပြီးခဲ့သည့်နှစ်အတွင်း ဆီးရီးယားတွင် ပြန်ပေးဆွဲ ဖမ်းဆီးသွားခြင်း ဖြစ်သည်။ အိုင်အက်စ် တပ်ဖွဲ့၏ ဗီဒီယိုထဲတွင် မူဆာလမ်သည် အစ္စရေးသူလျှိုဟု ထုတ်ဖော် ဝန်ခံထားကြောင်း ဖော်ပြထားသည်။ ဗီဒီယိုထဲတွင် မူဆာလမ်သည် ပြောက်ကျား ယူနီဖောင်းဝတ် အိုင်အက်စ် စစ်သွေးကြွ နှစ်ဦးရှေ့တွင် ဒူးထောက်လျက်သား ရှိနေပြီး ထို့နောက်တွင် (၁၀)နှစ် ဝန်းကျင်ခန့်ရှိ ကလေးငယ်က ပစ္စတို သေနတ်ကို ကိုင်မြှောက်ကာ ၎င်းကို ချိန်ရွယ် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။
အိုင်အက်စ် အဖွဲ့ကို ထောက်ခံသည့် ဂျီဟတ်ဝါဒီ အဖွဲ့အစည်း တစ်ခုက အဆိုပါ ဗီဒီယိုကို Social Mediaများတွင် ဖြန့်ဝေခဲ့ပြီး အဆိုပါ ကလေးငယ်သည် အစ္စလာမ်မစ်နိုင်ငံ ခေါင်းဆောင်၏ သားကောင်းတစ်ဦးဟု ညွှန်းဆိုထားသည်။
အိုင်အက်စ်တို့က မူဆာလမ်သည် နိုင်ငံရပ်ခြား တိုက်ခိုက်ရေးသမား တစ်ဦးအနေဖြင့် ၎င်းတို့ထံ လာရောက် ပူးပေါင်းခဲ့သော်လည်း နောက်ပိုင်း စစ်ဆေးမှုများအရ အစ္စရေး ထောက်လှမ်းရေးဌာန မော့ဆက်ဒ်၏ အေးဂျင့်တစ်ဦးဟု ထုတ်ဖော် ဝန်ခံခဲ့ကြောင်း စွပ်စွဲဖော်ပြထားသည်။
ဗီဒီယို၏ အဆုံးပိုင်းတွင် မူဆာလမ်၏ အစ်ကိုနှင့် ဖခင်တို့ အပါအဝင် လူ(၁၃)ဦး၏ အမည်များကို ဖော်ပြထားပြီး ယင်းတို့သည် မော့ဆက်ဒ် အေးဂျင့်များဟု ရေးသားထားသည်။ ထို့အပြင် တစ်ဦးချင်းစီ၏ အလုပ်အကိုင်နှင့် နေရပ်လိပ်စာများကိုပါ အတိအလင်း ဖော်ပြထားခြင်း ဖြစ်သည်။ မူဆာလမ်၏ မိသားစုကမူ ၎င်းသည် အစ္စရေးတွင် ရှိနေစဉ်က မီးသတ်ဝန်ထမ်း တစ်ဦးမျှသာဖြစ်ကြောင်း ပြောကြားထားသည်။

No comments:

Post a Comment