Wednesday, March 18, 2015

တော်စမ်းပါကွာ Give me a break!


 


တစ်စုံတစ်ယောက်က စိတ်အနှောက်အယှက် ဖြစ်အောင်လုပ်တယ်။ သို့မဟုတ် တစ်ခုခုကြောင့် စိတ်အနှောင့်အယှက် ဖြစ်တယ်ဆိုရင် အင်္ဂလိပ်လို give me a break လို့ ပြောကြပါတယ်။ Give me a break က အသုံးများတဲ့ အီဒီယံတစ်ခု ဖြစ်ပါတယ်။ အင်္ဂလိပ်သီချင်းတွေ၊ ရုပ်ရှင်တွေမှာ မကြာခဏ ကြားဖူးကြမှာပေါ့။ ဒီအီဒီယံရဲ့ key word ဖြစ်တဲ့ break ဆိုတဲ့ စကားလုံးမှာကိုက စိတ်ဝင်စားဖွယ်အနက် အဓိပ္ပါယ်တွေ ရှိပါတယ်။ Break မှာ အဖြစ်သဘောကိုဆောင်တဲ့ 'ကျိုးသည်' ဆိုတဲ့ အဓိပ္ပါယ်လည်း ရှိသလို အပျက်သဘောကိုဆောင်တဲ့ 'ချိုးသည်' ဆိုတဲ့ အဓိပ္ပါယ်ပါ ရှိပါတယ်။ သံသရာစက်ဝန်းတစ်ခုကို ပျက်သွားစေသလို၊ စဉ်ဆက်မပြတ် ဖြစ်ပျက်နေတာတစ်ခုကို (ကောင်းတာရော ဆိုးတာပါ) ရပ်တန့်စေတယ်လို့ အဓိပ္ပါယ် ရှိပါတယ်။ အဲ့ဒီတွေထဲမှာ ကောင်းတဲ့အဓိပ္ပါယ်နဲ့ ရှိသလို မကောင်းတဲ့ အဓိပ္ပါယ်နဲ့လည်း ရှိပါတယ်။ Break စကားလုံးအကြောင်းကို နောင်အလျင်းသင့်ရင် သီးခြား ပြောပြပါဦးမယ်။ အခုတော့ give me a break ဆိုတဲ့ အီဒီယံအကြောင်းကို ပြန်ဆက်ရအောင်။

ဒီအီဒီယံမှာ အဓိကအားဖြင့် အဓိပ္ပါယ် ၃ မျိုှးရှိပြီး အသုံးလည်း ၃ မျိုးရှိပါတယ်။ စကားပြောမှာ အသံထွက်ရင် gimme a break လို့ ထွက်ကြပါတယ်။

Give me a break
  ရဲ့ ပထမအဓိပ္ပါယ်ကတော့ "သွားစမ်းပါ၊ မယုံပါဘူး" "မဖြစ်နိုင်တာဘဲ" စသည့် အဓိပ္ပါယ်တွေ ဖြစ်ပါတယ်။ တစ်ယောက်ယောက်က ပြောတဲ့ ကိစ္စတစ်ခုခုက မယုံနိုင်စရာဖြစ်တယ်၊ မဖြစ်နိုင်ဘူးဆိုရင် give me a beak လို့ ပြောပါတယ်။
ဥပမာ-
  • Bob: I heard that someone jumped off the Empire State Building with a parachute.
    Joe: Give me a break! The security in that building is too tight for such a stunt.
    (မဖြစ်နိုင်တာကွာ။ အဲဒီလောက်လုံခြုံရေး တင်းကြပ်တဲ့နေရာမှာ ဘယ့်နှယ် စတန့် သွားလုပ်လို့ ရမတုန်း။)
  • Ted: Joe said that he saw Johnny Depp at the diner on 6th Ave.
    Jen: Give me a break! I doubt any movie star would eat at that crappy diner.
    (အဓိပ္ပါယ်မရှိတာ။ နာမည်ကျော် မင်းသားက လမ်းဘေးဆိုင်မှာ ထမင်းဝင်စားပါ့မလား။)

နောက်တစ်ခါ တစ်စုံတစ်ယောက်က စိတ်အနှောက်အယှက်ဖြစ်အောင် လာလုပ်နေတယ်ဆိုရင် give me a break လို့ ပြောကြတယ်။ ဒီမှာ ဆိုလိုတာကတော့ "တော်စမ်းပါ၊ လာမနှောက်ယှက်ပါနဲ့" "တော်လောက်ပြီ" "တော်တော့"  စတာတွေဖြစ်တယ်။
ဥပမာ
  • Jack: Are you finished yet? I want to watch TV?
  • Jane: Jack! Give me a break! I told you I am studying for an important exam. Go watch TV at your friend's house.
    (သွားစမ်းပါကွာ။ ငါစာကျက်နေတယ်။ မင်းသူငယ်ချင်း အိမ်မှာ သွားကြည့်။)
  • Dan: Isn't dinner ready yet? I’m so hungry!
  • Serena: Oh, give me a break! It’s not easy to cook popovers.
    (တော်စမ်းပါ။ ဟင်းချက်တာ ခဏလေးနဲ့ပြီးတာကျနေတာဘဲ။ တကတည်းမှဘဲ။)

နောက်ဆုံးတစ်ခုကတော့ တစ်ယောက်ယောက်က ကိုယ့်ကို ဆူပူကြိမ်းမောင်းတယ်၊ အပြစ်တင်တယ်၊ ဆိုရင် give me a break လို့ ပြောတယ်။ ဆိုလိုတာကတော့ "ဒီလောက်လဲ မရက်စက်ပါနဲ့" "နည်းနည်းတော့ သနားပါဦး" စတဲ့ အဓိပ္ပါယ်တွေနဲ့ ဖြစ်ပါတယ်။
ဥပမာ -
  • Boss: You know you've been late twice this week.
    Worker: Can you give me a break? My daughter caught the flu and I've needed more time to care for her in the morning. (နည်းနည်းပါးပါး သနားပါဦး ဆရာရယ်။ သမီးက နေမကောင်းလို့ ပြုစုနေရလို့ပါ။)
  • Policeman: Miss, you were driving too fast on that street.
    Danielle: I’m sorry officer. Please give me a break! I am going to a job interview and if I am late, I’ll never get the job. (နည်းနည်းပါးပါး ကိုယ်ချင်းစာပါဦး ဆရာရယ်။ အလုပ်အင်တာဗျူး နောက်ကျနေလို့ပါ။)

Give me a break ဆိုတဲ့ စကားက ဘယ်ကလာပါသလဲ

ဒီစကားက UK နိုင်ငံမှာ ဟိုး ၁၉ ရာစုလောက်က စတင်ခဲ့ပါတယ်။ ဒီစကား စတင်ခဲ့တဲ့ နေရာကလည်း အကျဉ်းထောင် ဖြစ်ပါတယ်။ ထောင်ထဲမှာ အကျဉ်းကျနေရပြီးတော့ တရားရင်ဆိုင်ဖို့ ပိုက်ဆံမရှိတဲ့ အကျဉ်းသားတွေအတွက် ဒါမှမဟုတ် အကျဉ်းကျခဲ့ပြီး လွတ်ရက်စေ့လို့ အပြင်လောကမှာ ဘဝသစ် ထူထောင်နိုင်ဖို့ ရင်းနှီးလုပ်ကိုင် စားသောက်နိုင်ဖို့အတွက် ကောက်ခံ စုဆောင်းပေးတဲ့ အကူငွေကို break လို့ ခေါ်ပါတယ်။ အဲ့ဒီ break ဆိုတဲ့ (အကူငွေ) စကားလုံးကနေ တဆင့် တစ်စုံတစ်ယောက်ကို အခွင့်အရေးအသစ် ထပ်ပေးတယ်၊ ဒါမှမဟုတ် တစ်စုံတစ်ယောက်ကို ဒုက္ခရောက်တာ (ဒုက္ခ ပေးတာ) တွေကို ရပ်စဲစေတယ်လို့ အဓိပ္ပါယ်ရတဲ့ to give someone a break ဆိုတဲ့ စကားပေါ်ပေါက်လာပါတယ်။ ဒီနေရာမှာတော့ break ဆိုတာ opportunity ခေါ် အခွင့်အရေး သို့မဟုတ် good luck ခေါ်ကံကောင်းခြင်း ဆိုတာဘဲ မဟုတ်လား။ ဒီစကားကို USA မှာ ၁၉၄၁ ခုနှစ်လောက်တုန်းက ရုပ်ရှင်မင်းသား W.C.Field ရဲ့ ရုပ်ရှင်တစ်ကားထဲက နာမည်ကျော် စကားတစ်ခွန်း ဖြစ်တဲ့ "Never give a sucker even a break." ကို လူ ကြိုက်များပြီး သုံးစွဲခဲ့ရာမှာ အမေရိကန် အင်္ဂလိပ်မှာလည်း give me a break က ယနေ့တိုင် နေရာရခဲ့ပါတယ်။

C.Taggart ရဲ့ As Right As Rain by နှင့် myhappyenglish.com မှ 3 Ways to use 'Give me a break' တို့မှ ကိုးကာဘာသာပြန်ထားတာဖြစ်ပါတယ်။

No comments:

Post a Comment