Wednesday, March 11, 2015

ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပမည့်ကာလ ပြောရန်ခက်သည်ဟု ရွေးကောက်ပွဲကော်မရှင်တာဝန်ရှိသူပြောကြား


ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပမည့်ကာလ ကို ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်အနေဖြင့် ဖြေကြားရန် ခက်ခဲကြောင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးဝင်းကိုက ပြောကြားသည်။
‘‘ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဘယ်တော့၊ ဘယ်လိုလုပ်မယ်ဆိုတာ ဖြေဖို့ ခက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လွှတ်တော်က ပြဋ္ဌာန်းတဲ့ ပြည်လုံးကျွတ် ဆန္ဒ ခံယူပွဲဥပဒေပြဋ္ဌာန်းပြီးလို့ရှိရင် ကျွန်တော်တို့ ရွေးကောက်ပွဲ  ကော်မရှင်က သူနဲ့ စပ်လျဉ်းတဲ့ ဥပဒေထုတ်ပြန်ရပါမယ်။ နည်း ဥပဒေထုတ်ပြန်ပြီးမှ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲလုပ်ငန်းတွေ စနိုင်မှာ ဖြစ်ပါတယ်’’ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မ ရှင် အဖွဲ့ဝင်  ဦးဝင်းကိုက လွှတ်တော်အစည်းအဝေးအပြီးတွင် မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားသည်။
‘‘ငါးလပိုင်းမှာ လုပ်မယ်လို့ တော့ပြောထားတယ်။ ဒါကဖွဲ့ စည်းပုံကို ပြင်မယ်ဆိုတဲ့ သဘောမျိုး။ ဒါပေမဲ့ဒီနေ့ထက်ထိ မတို့မထိရသေးဘူး။ ခြောက် ပွင့်ဆိုင်ဆွေးနွေးပွဲတောင်းတာလည်း ဘာမှ မပြန်သေးဘူးဆိုတော့ ခုလွှတ်တော်ပြီးတော့မယ်။ နောက်လွှတ်တော်ခြောက်လပိုင်း မှာ ခေါ်မယ်။ ဘယ်အချိန်လူထု ဆန္ဒခံယူပွဲလုပ်မလဲ။ ကျွန်တော်ကတော့ ဒါကို အယုံအကြည်မရှိ ဘူး’’ဟု ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပမည့် ကိစ္စအပေါ် မြေပုံမဲ ဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းကပြော သည်။ ကော်မရှင်၏ လုပ်ငန်းများ နှင့် တစ်ပြိုင်တည်းမှာပင် လွှတ်တော်ကလည်း အခြေခံဥပဒေကို ပုဒ်မတစ်ခုချင်းစီအလိုက် ပြင်ဆင်ရန် ဆောင်ရွက်ရမည်ဖြစ်၍ မည်သည့်လတွင် လုပ်နိုင်မည်ဆိုသည်ကို မဖြေကြားနိုင်ကြောင်း ဦးဝင်း ကိုကပြောသည်။ ထို့အပြင်လွှတ် တော်၏  အခြေခံဥပဒေပြင်ဆင်ရေးသည် မည်သည့်ကာလတွင် အဆုံးသတ်မှ ပြည်လုံးကျွတ်ဆန္ဒ ခံယူပွဲပြုလုပ်နိုင်ရန် အချိန်လုံလောက်မည်ဆိုသည်ကိုလည်း ပြောခွင့်မရှိကြောင်း ဦးဝင်းကိုက ပြောသည်။
‘‘ပြင်ဆင်မယ်ဆိုတာ ဒီလောက်အချိန်ကြန့်ကြာနေတာ ရွေးကောက်ပွဲလည်း လာတော့ မယ်။ ဘယ်အချိန်သွားပြင်မလဲ။ လွှတ်တော်လည်း ပြီးတော့မယ်။ ဒါမဖြစ်နိုင်ဘူး။ ဒါကျွန်တော်အစကတည်းကပြောတယ်။ ဒီ ငါးလပိုင်းမှာ လူထုဆန္ဒခံယူပွဲလုပ်မယ်ဆို တာ For Show ပဲလို့ ကျွန်တော် ပြောတယ်။ အချိန်ကာလသိပ်နီး ကပ်နေပြီ၊ မဖြစ်နိုင်တော့ဘူး’’ဟု ဦးဖေသန်းက အခြေခံဥပဒေပြင်ဆင်ရေးအခြေအနေနှင့် ပတ်သက်၍ ပြောကြားသည်။
ယခုအချိန်အထိ အခြေခံဥပဒေပြင်ဆင်ရေးကို မတို့မထိရသေးဘဲ မျိုးစောင့်ဥပဒေ၊ အမျိုးသားပညာရေးဥပဒေနှင့် ဘတ်ဂျက်ကိစ္စများ အပြီးမသတ်သေးသောကြောင့် ပါတီများအားလုံး တွန်းအားပေးမှသာ အခြေခံဥပဒေပြင်ဆင်နိုင်မည်ဖြစ်ကြောင်း ပုလဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောသည်။
ဖွဲ့စည်း ပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းကို ပြည်သူ့လွှတ်တော်၏ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်ရေး ကော်မရှင်က ရေးဆွဲပြီးကြောင်း သတင်းရရှိသော်လည်း ယခုအချိန်အထိ လွှတ်တော်သို့ တရားဝင်တင်သွင်းခြင်းမရှိသေးပေ။

No comments:

Post a Comment