Wednesday, March 11, 2015

အစိုးရအပေါ် ဝေဖန်မှုမြင့်တက်နေသော်လည်း သမ္မတဦးသိန်းစိန် မလေးရှားသို့ ချစ်ကြည်ရေးခရီးသွားမည်


 နိုင်ငံအတွင်း ကျောင်းသားသပိတ်ဖြိုခွဲလိုက်ခြင်းနှင့် ပတ်သက်၍ မြန်မာအစိုးရအပေါ် ဝေဖန်မှုများ မြင့်တက်နေသော်လည်း သမ္မတဦးသိန်းစိန်သည် မလေးရှားနိုင်ငံသို့ မူလစီစဉ်ထားသည့်အတိုင်း ချစ်ကြည်ရေးခရီးစဉ် သွားရောက်မည်ဖြစ်ကြောင်း သမ္မတပြောခွင့်ရပုဂ္ဂိုလ် ဦးရဲ ထွဋ်ကပြောကြားသည်။သမ္မတဦးသိန်းစိန်နှင့် ဇနီး ဒေါ်ခင်ခင်ဝင်းတို့သည် မလေး ရှားဘုရင် ဆူလတန်အဗ္ဗဒူဟာ လင်မ်မူအက်ဒ်နှင့် မိဖုရား ရာဂျာ ပါမိုင်ဆူရီတို့၏ ဖိတ်ကြားချက်အရ ချစ်ကြည်ရေးခရီး သွားရောက်ခြင်းဖြစ်ကြောင်း မလေးရှားဘက်က သတင်းထုတ်ပြန်ပြီးနောက် နိုင်ငံပိုင်သတင်းစာများကလည်း  မတ်လ ၉ ရက်တွင် မလေးရှားနိုင်ငံသို့ ဦးသိန်းစိန်သွားမည့် သတင်းကို ထုတ်ပြန်သည်။
 နိုင်ငံတော်ခရီးစဉ်များရှိသည့်အခါ နိုင်ငံပိုင်သတင်းစာများ က ခရီးစဉ်ကို သုံးရက်ကြိုကြေ ညာခြင်းဖြစ်ရာ မတ်လ ၁၁ ရက် တွင် သမ္မတဦးသိန်းစိန် မလေးရှားသို့ သွားရောက်ဖွယ်ရှိနေသည်။
မတ်လ ၁၀ ရက်က လက်ပံ တန်းတွင် ဒီမိုကရေစီကျောင်းသားများ ပင်မသပိတ်စစ်ကြောင်းကို ရဲတပ်ဖွဲ့က ဖြိုခွဲလိုက်ပြီး ပဋိ ပက္ခတွင် လိုတာထက်ပိုသည့် လူ အင်အားနှင့် ရိုက်နှက်မှုများပြု လုပ်ခြင်းကြောင့် မြန်မာအစိုးရ ဝေဖန်ခံနေရသော်လည်း သမ္မတအနေဖြင့် ခရီးစဉ်ကို ရွှေ့ဆိုင်းရန် မရှိဟု ဦးရဲထွဋ်ကပြောသည်။
‘‘ပညာရေးဥပဒေပြင်ဆင်ဖို့ အတွက် လွှတ်တော်လုပ်ငန်းစဉ်အတိုင်း လုပ်ဆောင်နေပြီ။ သက် ဆိုင်တဲ့ အဖွဲ့အစည်းများကလည်း အကြံပြုခွင့်ရှိနေပြီ။ တည်ငြိမ် အေးချမ်းမှုနဲ့ ဆယ်တန်းစာမေးပွဲများ အေးချမ်းစွာ ဖြေဆိုနိုင်ဖို့ အတွက် လိုအပ်တဲ့ ဥပဒေစိုးမိုးရေးဆိုင်ရာ လုပ်ဆောင်ချက်များကိုလည်း တိုင်းဒေသကြီးနဲ့ ပြည် နယ်အစိုးရများက လုပ်ဆောင်ထားပြီးဖြစ်ပါတယ်’’ဟု ၎င်းက ပြောသည်။
သမ္မတ၏ မလေးရှားခရီးစဉ်အတွင်း မလေးရှားအစိုးရ တာဝန်ရှိသူများနှင့် နှစ်နိုင်ငံချစ်ကြည်ရေး၊ စီးပွားရေးဆိုင်ရာကိစ္စရပ်များ မြန်မာအလုပ်သမားများ၏ အခွင့်အရေးနှင့် လုံခြုံရေးကိစ္စများ ဆွေးနွေးမည်ဟု သိရသည်။

No comments:

Post a Comment