Monday, March 9, 2015

ဘေးကင်းတဲ့ ဖိုမဆက်ဆံရေး



၁၉၈၀ပြည့်လွန်နှစ်များမှာ အေအိုင်ဒီအက်(စ်)ရောဂါဆိုး စတင်ပြန့်ပွားလာခဲ့ပြီးတဲ့နောက် “ဘေးကင်းတဲ့ လိင်ဆက်ဆံမှု” (Safe Sex)ကို စတင်ပြီး ဆော်ဩ မြှင့်တင်ခဲ့ကြပါတယ်။ သို့ပေမယ့် ဘေးကင်းတဲ့ လိင်ဆက်ဆံမှု နည်းစနစ်များကို လိုက်နာကျင့်သုံးခြင်းကြောင့် အေအိုင်ဒီအက်(စ်)ရောဂါ ကိုသာမကဘဲ တခြားတခြားသော လိင်မှတစ်ဆင့် ကူးစက်သော ရောဂါများကိုပါ ကာကွယ်ပေးနိုင်ပါတယ်။
ဘေးကင်းတဲ့ လိင်ဆက်ဆံမှုဟာ ဆင်ခြင်ဉာဏ်အရ လိုက်နာ ကျင့်သုံးအပ်တဲ့ အချက်တစ်ချက်ဖြစ်သလို လိင်မှုရေးရာ လှုပ်ရှားဆောင်ရွက်မှုအမျိုးမျိုးအပေါ်မှာ ပါဝင်နေတတ်မြဲ ဘေးအန္တရာယ်ပေါင်းစုံကို နားလည်သိရှိထားတဲ့အပေါ်မှာလည်း အများကြီး မူတည်လို့နေပါတယ်။

အန္တရာယ်အလွန်ကြီးသော လိင်မှုရေးရာ ဆောင်ရွက်ချက်များ

  • တမင်္ဂလာဖြစ်စေ၊ မတော်တဆဖြစ်စေ သွေးထွက်လာစေနိုင်တဲ့ ဘယ်လို လိင်မှုရေးရာ ဆောင်ရွက်ချက်မျိုးမဆို
  • ကွန်ဒုံးမသုံးဘဲ ဓမ္မတာမဟုတ်သောနည်းဖြင့် လိင်ဆက်ဆံခြင်း
  • ကွန်ဒုံးမသုံးဘဲ ဓမ္မတာအတိုင်း လိင်ဆက်ဆံခြင်း
  • လက်ချောင်းများကို စအိုထဲသို့ ထိုးသွင်းခြင်း

အန္တရာယ်အတန်အသင့်ကြီးသော လိင်မှုရေးရာ ဆောင်ရွက်ချက်များ

  • ကွန်ဒုံးသုံးပြီး ဓမ္မတာမဟုတ်သောနည်းဖြင့် လိင်ဆက်ဆံခြင်း
  • ကွန်ဒုံးသုံးပြီး ဓမ္မတာအတိုင်း လိင်ဆက်ဆံခြင်း
  • အမျိုးသားက လေချိုသွေးခြင်း (cunnilingus)
  • အမျိုးသမီးက လေချိုသွေးခြင်း (fellatio) (အထူးသဖြင့် အမျိုးသား ဇာတ်သိမ်းသည်အထိ လေချိုသွေးခြင်း)
  • စအိုဝကို လေချိုသွေးခြင်း
  • ကျင်ငယ်စွန့်ခြင်းပါဝင်သည့် မည်သည့် လိင်မှုရေးရာ ဆောင်ရွက်ချက်မဆို
  • အနမ်းစို နမ်းခြင်း

အန္တရာယ် သိပ်မကြီးသော လိင်မှုရေးရာ ဆောင်ရွက်ချက်များ

  • (cunnilingus နှင့် fellatio မပါဘဲ) အခြားနည်းဖြင့် အပြန်အလှန် အာသာဖြေပေးခြင်း
  • အနမ်းခြောက် နမ်းခြင်း

အန္တရာယ် လုံးဝ မရှိသော လိင်မှုရေးရာ ဆောင်ရွက်ချက်များ

  • မျိုးဆက်ပွားအင်္ဂါ မပါသော နှိပ်နယ်မှု
  • တစ်ကိုယ်ရေ အာသာဖြေခြင်း

ကွန်ဒုံး အသုံးပြုခြင်း

လိင်မှတစ်ဆင့် ကူးစက်တဲ့ရောဂါကို ကာကွယ်တိုက်ဖျက်ရာမှာ အဓိက အကျဆုံး လက်နက်ကိရိယာအနေနဲ့  အခုအခါမှာ ကွန်ဒုံးကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြပါပြီ။ ဒါမှမဟုတ်လည်း ကွန်ဒုံးကို အသုံးပြုဖို့ ကျန်းမာရေးဝန်ထမ်းအသီးသီး၊ အဖွဲ့အစည်းအသီးသီးက ဆော်ဩနေကြပါပြီ။ ကွန်ဒုံးဟာ လိင်မှတစ်ဆင့် ကူးစက်တဲ့ရောဂါတွေကို ရာခိုင်နှုန်းပြည့် ကာကွယ်ပေးနိုင်တယ်လို့ အပြတ်အသား အာမခံပေးလို့ မရသည့်တိုင် ဖြစ်လာနိုင်တဲ့ ဘေးအန္တရာယ်တွေကို သိသိသာသာကြီး လျော့ပါးသွားစေနိုင်တာလည်း အမှန်ပါပဲ။
အသုံးပြုနေဆဲမှာ ကွန်ဒုံး စုတ်ပြတ် ပေါက်ပြဲသွားခြင်း မရှိရင်ဖြစ်စေ၊ အသုံးပြုပြီးနောက် စနစ်တကျ ဖယ်ရှားစွန့်ပစ်ရင်ဖြစ်စေ လိင်မှတစ်ဆင့် ကူးစက်တဲ့ ရောဂါအတော်များများကို ကောင်းကောင်းကြီး ကာကွယ်ပေးနိုင်တယ်လို့တော့ ပြောနိုင်ပါလိမ့်မယ်။ အထူးသဖြင့် အေအိုင်ဒီအက်(စ်) နဲ့ ကာလသားရောဂါလို အသက်ကို ရန်ရှာနိုင်တဲ့ ရောဂါဆိုးမျိုးတွေကို ကာကွယ်ပေးနိုင်ပါတယ်။
ကွန်ဒုံးသုံးတဲ့အခါ…
  1. ဓမ္မတာအတိုင်းဖြစ်စေ၊ ဓမ္မတာမဟုတ်သော နည်းဖြင့် ဖြစ်စေ၊ လေချို သွေးမယ်ဆိုရင်ဖြစ်စေ အဲဒါတွေ မလုပ်ခင်မှာ ကွန်ဒုံးကို ဝတ်ဆင်ရပါမယ်။ အဲလို ဝတ်ဆင်ချိန်မှာ ငယ်ပါက အပြည့်အဝ တင်းမာနေဖို့ လိုအပ်ပါတယ်။
  2. ကွန်ဒုံး ထိပ်က ခေါင်းလေးထဲမှာ လေမခိုအောင် အဲဒီ့ ထိပ်ပိုင်းလေးကို လက်ချောင်းတွေနဲ့ ဖိညှစ်ပြီးတဲ့နောက် ကွန်ဒုံးအလိပ်လေးကို ငယ်ပါတစ်လျှောက် ငယ်ပါကို ပြည့်ပြည့်ဝ၀ အုပ်မိတဲ့အထိ ဖြည်ယူရပါမယ်။  ကွန်ဒုံးကို အတင်း ဆွဲမဆန့်ရပါဘူး။ စုတ်ပြဲသွားနိုင်လို့ပါ။
  3. ဖယ်ရှားတဲ့အခါမှာ ကွန်ဒုံးရဲ့ အရင်းကို ကိုင်ထားမှသာ ကွန်ဒုံးထဲမှာ ရောက်နေတဲ့ ဖိုမျိုးရည်များ မဖိတ်မစင်မှာ ဖြစ်ပါတယ်။ ပြီးတော့ ကွန်ဒုံးတစ်ခုကို တစ်ကြိမ်သာ အသုံးပြုသင့်ပါတယ်။

အစပျိုးခြင်း

“လမ်းခေါ် ဗျော်မှည့် (ပျော်မှည့်)”ဆိုတာမျိုးက လူနည်းစုတချို့အတွက် ကျေနပ်စရာကောင်းနေတတ်ပေမယ့် လူအများစုအတွက်တော့ တစ်ယောက်ကို တစ်ယောက် စိတ်ဝင်စားရာကနေ ချစ်ခင်စုံမက် နှစ်သက် မြတ်နိုးမှုရှိမှ အဖိုနဲ့ အမကြားမှာ သာယာမှုအပေါင်းနဲ့ ပြည့်စုံတာလို့ ခံစားနားလည်ထားကြပါတယ်။ အဲဒီ့ ချစ်ခင်နှစ်သက် စုံမက်တယ်ဆိုတဲ့ နေရာမှာလည်း တစ်ဖက်သားကို ရင်းနှီးကျွမ်းဝင်မှုဆိုတာ ပါပါတယ်။ ချစ်တင်းနှောခြင်းဟာ ကမ်းကုန်အောင် ရင်းနှီးကျွမ်းဝင်သွားစေနိုင်တဲ့ အပြုအမူပါပဲ။
အဲ… သို့ပေမယ့် တစ်ဖက်သားကို ထဲထဲဝင်ဝင် ရင်းရင်းနှီးနှီး သိလာနိုင်ဖို့အတွက် ကိုယ့်ဘက်ကလည်း ဘာကိုမှ မခြွင်းမချန် တစ်ကွက်မှ မကျန်စေဘဲ ပွင့်လင်းဖို့ လိုအပ်ပြန်တယ်။ အထူးသဖြင့် တစ်ယောက်နဲ့ တစ်ယောက် ကမ်းကုန်အောင် ကျွမ်းဝင်ရင်းနှီးစေတဲ့ ချစ်တင်းနှောခြင်း အမှုကို ပြုကြရာမှာ ကိုယ့်ဘက်က မပွင့်လင်းရင် ဘယ်လိုမှ သာယာကြည်နူးစရာလည်း မကောင်း၊ ကျေနပ်စရာလည်း မကောင်းနိုင်တော့ဘဲ စိတ်ပျက်စရာကြီးသာ ဖြစ်နေတော့မှာပါ။
အဖိုနဲ့ အမကြားမှာသာ မဟုတ်ပါဘူး။ လူနဲ့ လူချင်း ပေါင်းသင်း ဆက်ဆံကြရာမှာ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် နားလည် သိရှိမှုနဲ့ ပွင့်လင်းမှု မရှိရင် ဘယ်ဆက်ဆံရေးမှ ရေရှည်မခံနိုင်ပါဘူး။
ရင်းနှီးကျွမ်းဝင်မှုကို တည်ဆောက်လိုတဲ့ အဖိုနဲ့ အမတို့ကြားမှာ ဆိုရင်တော့ ဟိုးအစကတည်းက အမှန်တွေ အကုန်လုံးကို ပွင့်ပွင့်လင်းလင်း ဖွင့်ပြောထားနိုင်မှ တန်ကာကျပါမယ်။ အထင်သေးသွားမှာ စိုးလို့  ဖုံးထား၊ ကွယ်ထား၊ ဝှက်ထားတာတွေ၊ သိချင်၊ တတ်ချင်ယောင်ဆောင်တာမျိုးတွေဟာ ရေရှည်မှာ အကြီးအကျယ် ဒုက္ခပေးနိုင်တဲ့အချက်ကို မမေ့အပ်ဘူး။ အဲသလို အမှန်ကို ဖုံးဖိထားသမျှအားလုံးဟာ အဖိုနဲ့ အမ တို့ကို တစ်ယောက်နဲ့တစ်ယောက် ရင်းနှီး ကျွမ်းဝင်လာအောင် ဆောင်ရွက်ပေးနိုင်စွမ်းမရှိရုံသာမက တစ်ယောက်နဲ့ တစ်ယောက် သာလို့ သာလို့ ဝေးသွားစေတတ်ပါတယ်။
ချစ်ခင်နေကြတဲ့ ဆက်ဆံရေးတစ်ရပ်မှာ တစ်ဖက်သား စိတ်ချမ်းသာအောင်၊ ဒါမှမဟုတ် ကိုယ့်ကို အထင်ကြီးလာအောင် ဘာမဟုတ်တာလေးအတွက်ပဲဖြစ်ဖြစ် လိမ်ညာ ဖုံးဖိထားခြင်းဟာ တစ်ဖက်သားကို စော်ကားရာရောက်သလို ဆက်ဆံရေးကိုလည်း တစ်မုဟုတ်ချင်း ပျက်စီးသွားစေနိုင်တယ်။ တစ်ဖက်ကလည်း ရိုးသား ဖြောင့်မတ်ခြင်းကြောင့် အဲဒီ့ အဖိုနဲ့ အကြားက တပ်မက်မှု အရှိန်အဟုန်ကိုတောင် ပိုလို့ နှိုးဆွပေးစေနိုင်တာကို မမေ့သင့်ဘူး။ အမှန်တရားဟာ ကမ္ဘာ့အကောင်းဆုံး ကာမအားတိုးဆေးကြီးတစ်ဖုံလို့တောင် အလွန်အကျူး ပြောလိုက်ချင်ပါတယ်။
လူတိုင်းလူတိုင်းဟာ ခံစားချက်အရရော နှလုံးသားရေးရာအရပါ အားနည်းချက်တွေ၊ ပျော့ကွက်တွေ ရှိကြသူချည်းပါ။ သည်တော့ ချစ်တင်းနှောဖို့ စိတ်ကူးလိုက်တာနဲ့ တစ်ပြိုင်နက် ကိုယ့်ရဲ့ ပျော့ကွက်တွေ၊ အားနည်းချက်တွေကြောင့် စိုးရိမ်ကြောင့်ကြနေတဲ့အကြောင်း အရင်ဆုံး ပြောချလိုက်သင့်ပါတယ်။ သည်နေရာမှာ မမေ့သင့်တဲ့အချက်က ချစ်တင်းနှောတယ်ဆိုတာဟာ ဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်ပြီးမှ ဆောင်ရွက်ကြရမြဲကိစ္စတစ်ရပ်ဖြစ်သလို ရုတ်တရက်ဖြစ်ပေါ်လာတဲ့ ဆန္ဒကို ချိုးနှိမ် မရလို့ ပြုဖြစ်ကြတဲ့ လူ့ကိစ္စလည်းပဲဖြစ်တယ်ဆိုတာကိုပါပဲ။ အဲဒါကြောင့် ကိုယ့်ဘက်က မထိန်းနိုင် မသိမ်းနိုင်နဲ့ နွားသိုးကျိုးပြတ်တွေ လျှောက်လုပ်စရာ ဘာအကြောင်းမှ မရှိပါဘူး။
တွေ့ကရာ ညစ်ညမ်းရုပ်ရှင်တွေ၊ စာပေတွေထဲကလို အဖိုနဲ့အမတို့ဟာ စတွေ့ကတည်းက လိင်မှုကိစ္စကိုပဲ အသားပေးနေကြသူများ မဟုတ်ပါဘူး။ ချစ်တင်းနှောတယ်လို့ ဆိုကတည်းက ထွေးပွေ့တာ၊ ထိတို့တာ၊ ခံစားတာ၊ နှိုးဆွတာ၊ ယုံကြည်တာ၊ စကားတွေပြောကြတာ၊ တစ်ယောက် ပြောတာကို နောက်တစ်ယောက်က နားထောင်တာစတဲ့ အချက်များ အားလုံးကလည်း သည်လိင်မှုကိစ္စထဲမှာ အဓိက အခန်းကဏ္ဍက ရောယှက် ပါဝင်နေပါတယ်။

ယောကျာ်းတွေ သတိထားသင့်တဲ့အချက်များ

  • ကိုယ့်ရဲ့အသွင်အပြင်နဲ့ သန့်ရှင်းမှုကို အထူးဂရုစိုက်သင့်ပါတယ်။ မုတ်ဆိတ် ကျင်စွယ် မရိတ်မပယ်ဘဲ၊ ရေမချိုးဘဲ ဘယ်တော့မှ ချစ်တင်းနှောဖို့ မကြိုးစားပါနဲ့။
  • ကျကျနနလေး ကြိုတင် ပြင်ဆင်ထားသင့်ပါတယ်။ အမျိုးသမီးတိုင်းလိုလိုဟာ သူတို့ကို ဂရုစိုက်တာ၊ ကြင်နာတာ၊ အလေးပေးတာကို ကြိုက်တတ်ကြပါတယ်။ ပန်းစည်းလှလှလေးတစ်စည်းပဲ ဖြစ်ဖြစ်၊ ဖယောင်းတိုင်မီးရောင်လေးနဲ့ ကဗျာဆန်ဆန် ညစာစားပြီးတော့ပဲဖြစ်ဖြစ် ကြိုတင် ချိန်းချက် တွေ့ဆုံတာ၊ စကားစမြည်ပြောတာမျိုးဟာ ဂရုစိုက်တာ၊ အလေးပေးတာကို ပြသရာရောက်စေတတ်ပါတယ်။ ခင်ဗျားဟာကလည်း ဇယားရှုပ်လိုက်တာဗျာလို့ မပြောစေချင်ဘူးနော်။ လူဆိုတာ သူသူကိုယ်ကိုယ် ဂရုအစိုက်ခံချင်၊ အရေးပေးခံချင်တဲ့သူချည်းသာမို့ ကိုယ့်ချစ်သူကိုလည်း တစ်နည်းနည်းနဲ့ ဂရုစိုက်ပြတာမျိုးဟာ မင်္ဂလာရှိပါသဗျာ။ ပန်းစည်းဖိုး၊ ညစာဖိုး မတတ်နိုင်ဘူးဆိုရင်တောင် ခရေပန်းလေးတစ်ကုံးပဲဖြစ်ဖြစ်၊ သူ ကြိုက်တတ်တဲ့ စားစရာလေးတစ်ခုနဲ့ဖြစ်ဖြစ် ကြည်နူးစရာကောင်းအောင် ဖန်တီးလို့ ရတာကိုလည်း မမေ့စေချင်ဘူးဗျို့။
  • ကိုယ့်ချစ်သူရဲ့ အသွင်အပြင်၊ သူ့ကိုယ်နံ့မွှေးပျံ့မှုကို ချီးကျူးပေးသင့်ပါတယ်။ လက်ကလေးကို ကိုင်၊ မြတ်နိုးစုံမက်စွာ ဖွဖွနမ်းတာမျိုးလည်း အင်မတန် လုပ်သင့်တဲ့အလုပ်ပါ။ တစ်ဆက်တည်းမှာပဲ သူနဲ့ မျက်လုံးချင်း ဆုံဖြစ်အောင်၊ ပြုံးနေဖြစ်အောင်လည်း ကြိုးစားရပါဦးမယ်။
  • သူ့အပေါ်မှာ အာရုံစိုက်ဖို့လည်း လိုသဗျ၊ နော။ အိမ်မှာပဲဖြစ်ဖြစ်၊ သူနဲ့ကိုယ်နဲ့ ပွဲလမ်းသဘင်တစ်ခုတည်းမှာ ရောက်နေချိန်မှာပဲဖြစ်ဖြစ် သူ့ကို ဂရုတစိုက် ရှိနေရပါလိမ့်မယ်။ အိမ်မှာမို့ ကိုယ် သဘောကျတဲ့ ဘောလုံးပွဲကို မဲပြီး ကြည့်ကာ သူ့ကို လစ်လျူရှုထားတာမျိုး၊ ပွဲလမ်းသဘင်မှာလည်း သူငယ်ချင်းတွေနဲ့ တွေ့ပြီး သူ့ကို မေ့ထားကာ သူငယ်ချင်းတွေနဲ့ စကားလက်ဆုံကျနေတာမျိုးတွေဟာ အဲဒီ့ နောက်ပိုင်း ချစ်တင်းနှောဖို့အတွက်ကျ အခက်တွေ့နေစေနိုင်တဲ့ အာရုံမစိုက်နိုင်မှုမျိုးတွေပါပဲ။
  • ချစ်တင်းနှောတော့မယ့်အဆင့်ကို ရောက်လာချိန်မှာတော့ သူ့ရဲ့ ဆန္ဒတွေကို အလေးအနက် ဂရုစိုက်သင့်ပါတယ်။ ပြီးရင် အပျိုးကာလကို အတတ်နိုင်ဆုံး အကြာမြင့်ဆုံး အချိန်ယူဖြတ်သန်းရပါလိမ့်မယ်။ ဆိုလိုတာက နောက်ပိုင်းဇာတ်ကို တန်းမကဘဲ ကရောင်းရိုက်တာ၊ ပတ်ဆင့်တာ၊ နတ်ပင့်တာစတဲ့ အဆင့်များအတွက် အချိန်များများ ယူသင့်လှပါသဗျား။
  • ကိုယ့်ဘက်က ဇာတ်သိမ်းကိုရောက်သွားပြီးတဲ့နောက် ချက်ချင်း အိပ်မောကျမသွားအောင်လည်း ကြိုးစားတော်မူပါခင်ဗျ။ ဇာတ်သိမ်းကို ရောက်ပြီးတဲ့နောက်လည်း သူနဲ့ ခနတဖြုတ် စကားလေး ပြောရင်း ထွေးပွေ့ထားတာမျိုးကို လုပ်သင့်လှပါတယ်။

No comments:

Post a Comment