ကရင်မလင် နန်းတော်ကို အဓိက ဝေဖန်အတိုက်အခံ ပြုနေသည့် နိုင်ငံရေးသမား တစ်ဦးဖြစ်သော ဘောရစ် နမ့်ဆော့ဗ် သတ်ဖြတ်ခံရခြင်းကို နိုင်ငံရေး လုပ်ကြံမှု တစ်ရပ်အဖြစ် ဝေဖန်မှုများ ရှိနေပြီး အနောက်အုပ်စု နိုင်ငံများကလည်း အဖြစ်မှန်ကို အမြန်ဆုံး ဖော်ထုတ် စစ်ဆေးပေးရန် တောင်းဆိုထားသည်။
ရုရှား ဒုတိယ ဝန်ကြီးချုပ်ဟောင်းတစ်ဦး ဖြစ်ခဲ့သည့် အသက်(၅၅)နှစ်အရွယ် နမ့်ဆော့ဗ်သည် ဖေဖော်ဝါရီ ၂၇ ရက်က ကရင်မလင် နန်းတော်နှင့် မလှမ်းမကမ်း တံတားတစ်စင်းပေါ် လမ်းလျှောက်နေစဉ် နောက်ဘက်မှ သေနတ်ဖြင့် အကြိမ်အတော်များများ ပစ်ခတ် လုပ်ကြံခံရခြင်း ဖြစ်သည်။
ရုရှားနိုင်ငံရေးကို ပူတင်စိုးမိုးထားသည့် (၁၅)နှစ်မျှအတွင်း အတိုက်အခံ သတင်းထောက် အန်နာ ပိုလစ်ကော့ဗ်စကာယာ ပစ်ခတ်လုပ်ကြံ ခံရပြီးနောက်ပိုင်း ယခုဖြစ်ရပ်သည် အဓိက အတိုက်အခံတစ်ဦး နောက်ထပ် လုပ်ကြံခံရမှု ဖြစ်လာခဲ့သည်။
ပူတင်က ယခုဖြစ်ရပ်သည် မိမိ၏ ရန်သူများက အထင်အမြင်လွှဲအောင် လှည့်ဖျား အကွက်ဆင်မှု တစ်ခုသာဖြစ်ကြောင်း ရှုတ်ချပြောကြားခဲ့သလို နမ့်ဆော့ဗ်၏ မိခင်ထံသို့လည်း စာနာမှု သဝဏ်လွှာတစ်စောင် ပေးပို့ခဲ့သည်။ ၎င်းက “ဒီရာဇဝတ်မှုကို ကျူးလွန်သူတွေ၊ စီစဉ်သူတွေ အားလုံးအတွက် ထိုက်တန်တဲ့ အရေးယူ ဒဏ်ခတ်မှုကို ခံရစေမယ်”ဟုလည်း ပြောကြားခဲ့သည်။
နမ့်ဆော့ဗ်သည် ရုရှားတွင် ခြစားမှုများကို တိုက်ဖျက်ရာတွင် တက်ကြွစွာ လှုပ်ရှားသူ တစ်ဦးဖြစ်ပြီး ဘောရစ်ယဲ့လ်ဆင် လက်ထက်က ဒုတိယ ဝန်ကြီးချုပ်အဖြစ် တာဝန် ထမ်းဆောင်ဖူးသည်။ ၎င်းသည် လုပ်ကြံမခံရမီ နာရီပိုင်းက အသံလွှင့် ဌာနတစ်ခုသို့ သွားဂောက်ပြီး ယူကရိန်းတွင် ရုရှား၏ စွက်ဖက်မှု ပါဝင်သော စစ်ပွဲများ နိဂုံးချုပ်ရေး စုရုံးဆန္ဒပြမှုတွင် ပါဝင်ကြရန် ဆော်ဩ တိုက်တွန်းခဲ့သေးသည်။
မတ်လ ၂ ရက်တွင် ကျင်းပမည့် အဆိုပါ ဆန္ဒပြမှုကို နမ့်ဆော့ဗ် သေဆုံးမှုကြောင့် ဖျက်သိမ်းခဲ့ရပြီး ယင်းအစား နမ့်ဆော့ဗ် လုပ်ကြံခံရသည့် တံတားတွင် အတိုက်အခံ လှုပ်ရှားသူများ စုရုံးချီတက်ကြရန် စီစဉ်ထားကြောင်း သိရသည်။
“ဒီကိစ္စက ပူတင်ရဲ့ အမိန့်နဲ့ ဖြစ်လာတာပါ။ နည်းနည်းမှ သံသယ မရှိပါဘူး”ဟု အသက်(၅၉)နှစ်အရွယ် အတိုက်အခံ လှုပ်ရှားသူ အလက်ဇန္ဒား ဘာဒီယက်ဗ်က စွပ်စွဲ ပြောကြားခဲ့သည်။
မှုခင်းစစ်ဆေးရေး အရာရှိများ၏ အဆိုအရ နမ့်ဆော့ဗ်သည် အမျိုးသမီး တစ်ဦးနှင့်အတူ လမ်းလျှောက်လာစဉ် အနီးရှိ ကားတစ်စီးပေါ်မှ အနည်းဆုံး သေနတ်ဖြင့် ရှစ်ချက်မျှ ပစ်ခတ်သွားခြင်းကို ခံခဲ့ရကြောင်း ဆိုသည်။ ရုရှားမီဒီယာများ၏ ဖော်ပြမှုအရ နမ့်ဆော့ဗ်နှင့်အတူ ရှိနေသည့် အမျိုးသမီးမှာ အသက်(၂၃)နှစ်အရွယ် ယူကရိန်းမော်ဒယ်လ် အန်နာ ဒူရစ္စကာယာဖြစ်ပြီး ထိခိုက်မှု တစ်စုံတစ်ရာ မရှိခဲ့ဟု သိရှိရသည်။
No comments:
Post a Comment